ယဉ်ကျေးမှုဆိုင်ရာ

ကရင်လူမျိုးတို့၏ လက်ချည်ခြင်း အကြောင်းတစေ့တစောင်း

နှစ်စဉ် ၀ါခေါင်လ ရောက်တိုင်း ကရင်လူမျိုးများ အထူးသဖြင့် ပိုးကရင်လူမျိုးများသည် လက်ချည်ပွဲ ကျင်းပလေ့ရှိကြပါသည်။ လက်ချည်ခြင်းအကြောင်းနှင့် ပတ်သက်၍ မန်းလင်းမြတ်ကျော်ရေးသား ထုတ်ဝေထားသည့် ကရင်ရိုးရာ သုတပဒေသာ ဆိုသည့် စာအုပ်မှ ပိုးကရင်တို့၏ လိပ်ပြာခေါ် လက်ချည်ခြင်း ခေါင်းစဉ်ကို မှီငြမ်းလျက် ပြန်လည် ဝေမျှပေးလိုပါသည်။ လက်ချည်သော ဓလေ့သည် အကြမ်းအားဖြင့် သုံးမျိုးရှိကြောင်းသိရပါသည်။ ၎င်းတို့မှာ လိပ်ပြာပျံ့လွင့်၍ လက်ချည်ခြင်း၊ ၀ါခေါင်လ လက်ချည်ခြင်း နှင့် မင်္ဂလာဆောင် လက်ချည်ခြင်း တို့ဖြစ်ပါသည်။ ဤဆောင်းပါသည် ၀ါခေါင်လ လက်ချည်ခြင်း အကြောင်းကိုသာ အဓိက ဖော်ပြပေးထားပါသည်။

ဝါခေါင်လ လက်ချည်ခြင်း

ကရင်လူမျိုးများသည် နှစ်စဉ် ၀ါခေါင်လရောက်သည့်အခါတိုင်း လက်ချည်ခြင်းပြုလုပ်ကြသည့် အကြောင်းကို ဤသို့ရေးသားဖော်ပြထားပါတယ်..”နှစ်စဉ် ၀ါခေါင်လာရောက်တိုင်း ပိုးကရင်တို့သည် ရွာလုံးကျွတ် လက်ကြိုးချည်ခြင်း သို့မဟုတ် လိပ်ပြာခေါ်ခြင်းကို ပြုလုပ်ကြ၏။ တစ်ရွာလုံး စုပေါင်း လုပ်ဆောင်ခြင်းကား မဟုတ်ပေ။ နေ့ကောင်းကို ရွေးချယ်၍ မိမိနှစ်သက်ရာနေ့၌ မိမိအိမ်တွင် မိသားစု တစ်စုလုံး စုပေါင်း လုပ်ဆောင်ကြခြင်းပင်ဖြစ်သည်” လို့တွေ့ရပါတယ်။

ဆက်လက်ပြီး ပိုးကရင်တို့သည် ၀ါခေါင်လတွင် ဖြစ်လေ့ ဖြစ်ထရှိသော အရာများအပေါ် ထားရှိသည့် အယူအဆများကိုလည်း အောက်ပါအတိုင်းဖတ်ရှုရပါတယ်..”ပိုးကရင်တို့သည် ၀ါခေါင်လတွင် မြေဖုတ်ဘီလူး၊ သရဲတစ္ဆေများသည် လူနှင့် ပူးကပ်စားသောက်တတ်သည့်ဟု ယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် ၀ါခေါင်လတွင် အခြားလများထက် ထမင်းပိုစားနိုင်ခြင်းကြောင့် ဖြစ်သည်။ ထိုသို့ ကပ်စားခြင်းကို ခံရသဖြင့် မိမိတို့၏ သားသမီးများ၏ လိပ်ပြာသည် အဝေးသို့ တိမ်းရှောင် ပျံ့လွင့်သွားမည်ကို စိုးရိမ်တကြီး ဖြစ်နေကြသည်။ ထိုသို့ မြေဖုတ်ဘီလူး၊ သရဲ တစ္ဆေတို့၏ မှီခိုစားသောက်ခြင်းကြောင့် သားသမီးများ လိပ်ပြာပျံ့လွင့် ထွက်ပြေးသွားတတ်သည်ဟု ယုံကြည်ကြသည်။ ပိုးကရင်ဘာသာဖြင့် (လာဂါ) ဟူ၍ပြောဆိုကြသည်။ လိပ်ပြာပျံ့လွင့် ထွက်ပြေးသွားလျှင် သားသမီးများသည် ဖျားနာတတ်သည်ဟု ယုံကြည်ကြသည်” လို့မှတ်သားရပါတယ်။

ဒါ့အပြင် ၀ါခေါင်လ လက်ချည်ရခြင်း အဓိက အကြောင်းအရင်းကိုလည်း ထပ်မံရှင်းပြထားသည်ကို တွေ့ရပါသည်။ ဘယ်လိုရှင်းပြထားလည်းဆိုတော့ “ထွက်သွားပြီး ထွက်သွားဆဲ ထွက်သွားလတ္တံ့သော လိပ်ပြာများသည် မိမိတို့သားသမီးများနှင့် မကင်းမကွာ ရလေအောင် ပိုးကရင်တို့က ၀ါခေါင်လ လက်ချည်ခြင်း ဓလေ့တရပ်ကို လုပ်ဆောင်ကြရသည်။ ဤသို့လိပ်ပြာကို ခေါ်ပေးသဖြင့် လိပ်ပြာ ပျံ့လွင့်ခြင်းမရှိပါက သားသမီးတို့အပေါ် အနာရောဂါများမစွဲကပ် မကျရောက်နိုင်တော့ပဲ ကျန်းကျန်းမာမာရှိကြမည် ဟု အကြွင်းမဲလက်ခံယုံကြည်ထားကြလေသည်” လို့ ရှင်းလင်းဖော်ပြထားပေးတာကိုလည်း တွေ့ရပါတယ်။  

စာရေးဆရာကလည်း လက်ချည်ဖြူခြင်းအကြောင်းနဲ့ပတ်သက်လို့ သူ့အမြင်သူ့အတွေးကို ဤသို့ရေးသားထားပါတယ်..”၀ါခေါင်လသည် မိုးများသောလဖြစ်၍ အညစ်အကြေးပေါများခြင်း၊ ခြင်ပေါခြင်းစသော အကြောင်းများကြောင့် ရောဂါဘယ ထူပြောသောလ ဖြစ်ပေရာ ခေတ်အမြင်ဖြင့် ကြည့်မည်ဆိုပါလျှင် ပိုးကရင်တို့သည် သားသမီးတို့အား ကျန်းမာရေးကို ဂရုစိုက်ကြရန် ပညာပေးခြင်းဖြစ်သည်ဟု ဆိုရပေမည်။ မိုးအေးသောလ ဖြစ်သဖြင့် နှာစေး ချောင်းဆိုး ဖျားနာတတ်သောလ ဖြစ်သည်။ ထို့ကြောင့် ရောဂါဘယ အလွယ်တကူ မစွဲကပ်နိုင်ရန် သတိဝီရိယဖြင့် နေထိုင် စားသောက်ရန် တပ်လှန့် နှိုးဆော်သောအားဖြင့် ၀ါခေါင်လ လက်ချည်ခြင်းကို လုပ်ဆောင်ခြင်းပင်ဖြစ်ပေသည်” လို့ ထုတ်ဖော်ရေးသားထားပါတယ်။

ဆက်လက်ပြီး စာရေးဆရာက ၀ါခေါင်လ လက်ချည်ခြင်း ဟာ နှစ်စဉ် ကျင်းပမြဲ ရိုးရာဓလေ့ ဖြစ်ကြောင်းကိုလည်း အောက်ပါအတိုင်းအရေးသားတင်ပြထားပါတယ်…”ထို့ကြောင့် ၀ါခေါင်လ လက်ချည်ခြင်း သို့မဟုတ် ၀ါခေါင်လ လိပ်ပြာခေါ်ခြင်း ဓလေ့သည် ပိုးကရင်တို့၏ နှစ်စဉ် လုပ်မြဲ ရိုးရာဓလေ့တစ်ခု ဖြစ်ကြောင်း တွေ့ရှိရပါသည်” လို့ အဆုံးမှာ ဖော်ပြထားပါတယ်။

ဤအကြောင်းအရာကို ဖတ်ရှုပြီးနောက် ရရှိလာသော အသိတစ်ခုမှာ   ကရင်လက်ချည်ပွဲသည် ရိုးရာယဉ်ကျေးမှုတစ်ခုသာ ဖြစ်ကြောင်းပင်ဖြစ်သည်။ ကရင်လက်ချည်ပွဲသည် ဘာသာရေးနှင့် မသက်ဆိုင်ပဲ ကရင်လူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည်။ ဘာသာရေးကို အခြေမခံပဲ နှစ်စဉ် လက်ချည်ပွဲကို ရိုးရာယဉ်ကျေးမှုတစ်ခု အဖြစ် စည်ကားသိုက်မြိုက်စွာကျင်းပခြင်းသည် သာ၍ မင်္ဂလာရှိပါသည်။   ၎င်းအပြင် ဘာသာရေးရှုထောင့်မှကြည့်လျှင် ကရင်လူမျိုးများသည် ရှေးအရင်ခေတ်အဆက်ဆက်ကတည်းက ၀ိညာဉ်ရှိကြောင်း ယုံကြည်လက်ခံ လာခဲ့ကြသော လူမျိုးများထဲမှ တစ်မျိုးဖြစ်ကြောင်း သိလာရပါသည်။

လေ့လာစုဆောင်းတင်ပြသူ- ရေမွန် မန်းကျော်

မှီငြမ်းကိုးကားစာအုပ်

မန်းလင်းမြတ်ကျော်၊ ကရင်ရိုးရာ သုတပဒေသာ (၁၉၈၀ ခုနှစ်)၊ စာမျက်နှာ ၂၅၀-၂၅၁။

 

 

Add new comment

4 + 3 =

Please wait while the page is loading

ယဉ်ကျေးမှုဆိုင်ရာ | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.