နေ့စဉ်ဧဝံဂေလိတရားဒေသနာတော်

ချစ်လှစွာသော ညီအစ်ကို မောင်နှမအပေါင်းတို့

     သခင်ယေဇူးဟာ ကုသခြင်း လူမမာတွေကို ရောဂါပျောက်ကင်းအောင် လုပ်တဲ့ အလုပ် တရားဒေသနာ ဟောပြောခြင်း အလုပ်တွေ ဟောပြောပြီးတဲ့ အခါမှာ လူတွေနဲ့ ဝေးရာတောင်ပေါ်ကို တက်ပြီးတဲ့နောက် ဆုတောင်းခြင်းအမှုကို ပြုတယ်ဆိုတာကို ကျမ်းစာက ဖော်ပြထားပါတယ်။ ဒီနေရာမှာ သင်ခန်းစာကတော့ ကိုယ်လုပ်သမျှအရာတွေဟာ ဆုတောင်းခြင်းကနေ ထွက်ပေါ်လာတဲ့ အသီးအပွင့်ပဲ ဖြစ်ရမယ်ဆိုတဲ့ သင်ခန်းစာပဲ ဖြစ်ပါတယ်။ ဆုတောင်းခြင်းကနေ ထွက်ပေါ်လာတဲ့ အသီးအပွင့်ဖြစ်မှာသာလျှင် အလုပ် သို့မဟုတ် ရှင်သန်တဲ့ ဘ၀နဲ့ ဆက်နွယ်တယ်လို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ ဆုတောင်းခြင်းကနေ သီးပွင့်လာတဲ့ အလုပ်သည်သာ လောဘ၊ ဒေါသ၊ မာန်မာန နဲ့ ကင်းတဲ့ အလုပ်တွေသာဖြစ်ပါတယ်။ ဆုတောင်းခြင်းနဲ့ အလုပ်ဟာ အမြဲတမ်း ဆက်နွယ်နေရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သခင်ယေဇူး ကျွန်တော်တို့ကို နည်းလမ်းပြပေးတာကို ကျွန်တော်တို့တွေ့ ရပါတယ်။ တောင်ပေါ်ကို တက် ဆုတောင်းပြီးလို့ရှိရင် တောင်အောက်ဆင်းပြီးအလုပ်လုပ် ရမယ်။ တောင်အောက်မှာ အလုပ်လုပ်ပြီးလို့ရှိရင် တောင်ပေါ်မှာ ပြန်တက်ပြီး ဆုတောင်းရမယ်။ ဒါဟာ ကျွန်တော်တို့အတွက် ကြီးမှာသော သင်ခန်းစာတစ်ခု ဖြစ်ပါတယ်။ တောက်အောက်မှာ ကြီးပဲ တစ်ချိန်လုံး အလုပ်လုပ်ဖို့ မဟုတ်သလို တောင်ပေါ်မှာ ကြီးပဲ တစ်ချိန်လုံးနေဖို့ မဟုတ်ဘူး။ အဲသလို တောင်ပေါ်တက် ဘာလုပ်ရမလဲ ဆိုတာ ဘုရားစီကနေပြီးတဲ့နောက် တောင်းမယ်။ အဲဒီ သိရှိလာတဲ့ အသိတွေကို တောင်အောက်ကို ဆင်းပြီးလုပ်။ လုပ်ကိုင်ပြီးလို့ရှိရင် တောင်ပေါ်တက်ပြီး ကိုယ်ဘာလုပ်ခဲ့ သလဲဆိုတာ စဉ်းစားပြီး report ပေးရမှာပေါ့။ သတင်းပို့ရမှာပေါ့ ဘာလုပ်ခဲ့ သလဲဆိုတာ။

     အဲဒါပြီးလို့ရှိရင် နောက်ဘာဆက်လုပ်ရမလဲ ဆိုတာမေး။ မေးပြီးတဲ့ အခါကျလို့ရှိရင် တောင်အောက်ပြန်ဆင်း လုပ်။ တောင်အောက်ဆင်းလိုက်၊ တောင်ပေါ်တက်လိုက်ဆိုတာ ကျွန်ုပ်တို့ လုပ်ရမယ့် အလုပ်တစ်ခုဖြစ်တယ်။ အပတ်စဉ်လုပ်ရမယ့်အလုပ်၊ လစဉ်လုပ်ရမဲ့အလုပ်၊ နှစ်စဉ်လုပ်ကြရမဲ့ အလုပ်ဆိုတာ အားလုံးသိရှိကြဖို့ဖြစ်ပါတယ်။ ကျွန်တော်တို့ နေ့စဉ်ဆိုရင်လည်းပဲ တောင်ပေါ်တက်တယ်။ တစ်နေ့လုံးတောင်အောက်ဆင်းပြီး အလုပ်လုပ်တယ်။ ညအိပ်ရာဝင်ကာနီး တောင်ပေါ်ပြန်တက်တယ်။ အဲသည်လို တစ်နေ့တာကို ဖြတ်သန်းသလို တစ်ပတ်တာကိုလည်းပဲ တနင်္ဂနွေနေ့ တောင်ပေါ်ကို တက်တယ်။ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေး၊သောကြာ၊ စနေနေ့တွေမှာ တောင်အောက်ဆင်း အလုပ်လုပ်တယ်။ တနင်္ဂနွေပြန်တက်တယ်။ အဲသလိုပေါ့။ လစဉ်မှာလည်း ဒီအတိုင်းပဲ။ လရဲ့ အစမှာ တောင်ပေါ်တက်တယ်။ လရဲ့ အဆုံးကြလို့ရှိရင် တစ်ခါ တောင်ပေါ်ကို ပြန်တက်တယ်။ တစ်လအတွင်းမှာ လုပ်ဆောင်ကြတာဖြစ်ပါတယ်။ တစ်နှစ်လည်းပဲ ဒီအတိုင်းပဲပေါ့။ ဆိုတော့ အဲလို တောင်ပေါ်ဆင်း တောင်ပေါ်တက်ဆိုတဲ့ ကိစ္စတွေဟာ ဆိုလို့ရှိရင် ကျွန်တော်တို့ ကျင့်ရမယ့် ကျင့်စဉ်တစ်ခု ဖြစ်တယ်ဆိုတာကိုတော့ အားလုံး သိရှိကြမှာပါ။ မိမိလုပ်တဲ့အလုပ်မှန်သမျှ မိမိဆုတောင်းခြင်းကို ရောင်ပြန်ဟတာ ဖြစ်စေရမယ်။ မိမိလုပ်တဲ့ အလုပ်မှန်သမျှ မိမိဆုတောင်းခြင်းကို ပဲ့တင်ထပ်ရမယ်။ အလုပ်လုပ်ခြင်းနဲ့ ဆုတောင်းခြင်းဟာ ငွေဒင်္ဂါးရဲ့ ခေါင်းနဲ့ ပန်းလိုပဲ ဖြစ်ပါတယ်ဆိုတာကိုတော့ နားလည် သဘောပေါက်ကြမှာပါ။

     သခင်ယေဇူး ခမည်းတော်ဘုရားနဲ့ နှစ်ပါးတည်းဆုံစည်းခြင်းအမှုကို ပြုခြင်းဖြစ်တယ်။ တိတ်ဆိတ်ပြီးတဲ့နောက် လူနဲ့ဝေးရာနေရာကို ရွေးပြီးတဲ့နောက် လုပ်တာကို တွေ့ရတယ်။ တောင်ပေါ်တက်တာ။ ဆုတောင်းတယ်ဆိုတာ တိတ်ဆိတ်မှု၊ ငြိမ်သက်မှုဆိုတဲ့ အထောက်အကူဖြစ်ပါတယ်။ စိတ်မငြိမ်သက်လို့ရှိရင် ဆုတောင်းလို့မရပါဘူး။ ပတ်ဝန်းကျင် မတိတ်ဆိတ်လို့ရှိရင်လည်းပဲ ဆုတောင်းရတာ ခက်ခဲပါတယ်။ ဥပမာအားခြင့် အတွေ့အကြုံ ရှိတဲ့ သူသိမှာပေါ့။ ပင်လယ်ထဲမှာ လေမုန်တိုင်းမိတဲ့အခါ ဂုဏ်ကျေးဇူးတော်မေတ္တာကို ဆိုတဲ့အခါ တစ်ပုဒ်ကို တစ်ခါမှ မပြီးနိုင်တော့ဘူး။ ဘာဖြစ်လို့လဲ။ ခြောက်လန့်မှုတွေက များတဲ့အခါကျတော့ မငြိမ်သက်ခြင်းတွေက များတဲ့အခါကျတော့ ဒီလိုပဲ ပူပင်သောကရောက်နေတဲ့ လူတစ်ယောက် ဘုရားခန်းထဲမှာ နေလို့ရှိရင် ဒီလိုပဲ စဉ်းစားနေမှာပဲ ပူပင်သောက ရောက်စရာတွေ။ စိတ်ငြိမ်သက်မှုမရှိဘူးလေ။ သည့်အတွက်ကြောင့် စိတ်ငြိမ်သက်မှု ရှိရမယ်။ ပတ်ဝန်ကျင်အတွင်း အပြင် ငြိမ်သက်မှုဆိုတာ ရှိရမှာပေါ့နော်။ ဆုတောင်းခြင်းဟာ ဒါအရေးကြီးပါတယ်။

     ကျွန်တော်တို့ လူသားတွေဟာ ဆူညံနေတဲ့ လောကထဲမှာပဲ နေ့စဉ် ရက်ဆက် သွားလာ လှုပ်ရှားပြီးတဲ့ နောက် တိတ်ဆိတ်တဲ့ နေ့တစ်နေ့မှာ ဘုရားနဲ့ အချိန်မပေးနိုင်လို့ရှိရင် ဘယ်တော့မှ ငြိမ်သက်ခြင်းရှိမှာ မဟုတ်ဘူး။ သူတော်စင်တွေလဲပဲ ဒီအတိုင်းပဲ ဘုန်းကြီးတွေ၊ ဘရာသာရ်တွေ၊ စစ္စတာရ်တွေလည်းပဲ ဒီအတိုင်းပဲ ဘုရားကို အချိန်မပေး နိုင်ဘူး၊ ဘုရားနဲ့ အတူ အချိန်တစ်ခုကို သတ်သတ်မှတ်မှတ်လေးတစ်ခု မထားဘူး ဆိုတဲ့ ရဟန်း၊ သီလရှင် ဘာသာတူ အားလုံးဟာ သူ့ရဲ့ဖြတ်သန်းမှုတွေဟာ အမြဲတမ်းစိတ်ရှုပ်စရာ၊ ပူလောင်မှုတွေနဲ့ပဲ ဖြတ်သန်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အချိန်လေး တစ်ချိန်ကတော့ တစ်နေ့မှာ ပေးသင့်တယ်။ ဒီနေရာမှာ သခင်ယေဇူး ဘာသင်ခန်းစာပေးသလဲ ဆိုတော့က သူ့ရဲ့ တပည့်တော်ကြီး ၁၂ ပါးကို ရွေးချယ်တဲ့ နေရာမှာ လုံလောက်တဲ့ အလင်းကျေးဇူးတော် Enlightenment ပေါ့လေ ရှိဖို့ တောင်ပေါ်ကို တက်ပြီးတဲ့ နောက် ဘုရားသခင်ထံမှာ ဆုတောင်းဖို့ သင်ခန်းစာလေး ပေးထားတယ်။ နောက်တစ်နေ့တော့က တောင်အောက်ကို ဆင်းလာပြီးတဲ့ နောက် တပည့်တော်ကြီး ၁၂ ပါးကို ရွေးပါတယ်။ ဟောပြောဖို့နဲ့ ကုသဖို့အတွက် သူ့ရဲ့တပည့်တော်တွေကို အားတန်ခိုးနဲ့ ကျေးဇူးတော်တွေ ပေးပါတယ်။

     ကနေ့သခင်ယေဇူးရဲ့ mission သာသနာပြုလုပ်ငန်းဖြစ်တဲ့ ဟောပြောခြင်းနဲ့ ကုသခြင်း ဒါ သခင်ယေဇူးရဲ့ သာသနာပြုခြင်းဖြစ်ပါတယ်။ ကနေ့ အသင်းတော်ဟာ သခင်ယေဇူးရဲ့ သာသနာပြုခြင်းကို ဘယ်လို ပြန်သရုပ်သလဲဆိုတော့က ပညာရေးနဲ့ ကျန်းမာရေး အဖြစ်ဖေါ်ထားပါတယ်။ Health and Education ကျန်းမာရေးနဲ့ ပညာရေး ဒါတွေဟာ သခင်ယေဇူးရဲ့ သာသနာပြုခြင်းပါပဲ။ ကျွန်တော်တို့ သာသနာပြုတွေလည်းပဲ ဒီသခင်ယေဇူးရဲ့ သသနာပြုလုပ်ငန်းကို လုပ်ဆောင်ခဲ့တာပဲ။ ကျန်းမာရေးနဲ့ ပညာရေး။ ဒါဟာ ကျွန်တော်တို့ အားလုံး အဓိက အာရုံစိုက် လုပ်ရမယ့် အလုပ်တစ်ခုပဲ ဖြစ်ပါတယ်။ ကျန်းမာရေးကို ဘယ်လိုပုံနဲ့ ဖော်ဆောင်မလဲ။ ပညာရေးကို ဘယ်လိုပုံနဲ့ ဖော်ဆောင်မလဲ။ ဖော်မေးရှင်း (ပုံသွင်းခြင်း) ကို ဘယ်လိုပုံ နဲ့ ဖော်ဆောင်မလဲ။ ပုံစံမျိုးစုံ နည်းလမ်းမျိးစုံ ရှိပါတယ်။ ဒါပေမဲ့ သခင်ယေဇူးရဲ့ သာသနာပြု လုပ်ငန်းဖြစ်တဲ့ ပညာရေးနဲ့ ကျန်းမာရေး ခေါင်းစဉ်အောက်မှာ လုပ်နေတဲ့ ကျွန်တော်တို့ရဲ့ အလုပ်ဟာ ဆက်နွယ်မှု ရှိနေရမယ်။ တရားဟော တာလဲ ပညာရေးပဲ။ သခင်ယေဇူးဟာ တပည်တော်ကြီးတွေကို မှန်ကန်စွာရွေးနိုင်ဖို့ တစ်ညလုံးဆုတောင်းခဲ့ ပေမဲ့လို့လည်း အနည်းငယ် မပြည့်စုံတာတွေ့ ရတယ်။ ဘာလည်းဆိုတော့က သူ့ကို အပ်နှံမယ့် ယုဒ ကို ရွေးမိလိုက်တဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ဒါဟာလည်းပဲ ဆုတေင်းခြင်း မအောင်မြင်ဘူးလို့ ကျွန်တော်တို့ ပြောလို့မရပါဘူး။ ဒါဟာ ဘုရားရဲ့ အစီအစဉ် ရှိတဲ့ အတိုင်း ဖြစ်စေလို့ပါ။ ကျွန်တော်တို့ ဆုတောင်းတဲ့ အခါမှာလည်းပဲ ကိုယ်လိုချင်တဲ့အရာ ရာနှုန်းပြည့် ရချင်မှ ရမယ်။ ဒါပေမဲ့ မရတဲ့ အရာဟာဖြင့်ရင် ဘုရားရဲ့ အစီအစဉ် အောင်မြင်ဖို့ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆုတောင်းတဲ့အခါမှာ ကိုယ်လိုချင်ရာတွေ တောင်းပြီးလို့ ရှိရင် နောက်ဆုံးမှာ ဘာနဲ့ အဆုံးသတ်ရမလဲ ဆိုတော့ ကိုယ်တော်ရဲ့ အလိုတော်အတိုင်း ဖြစ်ပါစေလို့ ထည့်သွင်းဆုတောင်းကြရမှာ ဖြစ်ပါတယ်။

     ဒီနေ့ ကျမ်းစာဟာ ဆုတောင်းခြင်း အရေးကြီးကြောင်းကို ဖော်ပြတဲ့ ကျမ်းစာ ဖြစ်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ မဆုတောင်းမီက ကျွန်တော်တို့ ဘာလိုသလဲ ဆိုတာ သိပါတယ်။ ဒါပေမဲ့လို့ ဘာ့ကြောင့် ကျွန်တော်တို့ ဆုတောင်းဖို့ လိုသလဲ။

နံပါတ် ၁

          ဘုရားကို အားကိုးတယ်၊ ယုံကြည်တယ် ဆိုတာကို ပြသခြင်းဖြစ်တယ်။

နံပါတ် ၂

        ကိုယ့်မှာ ဘာလိုလဲဆိုတာ ကိုယ်သိတယ်ဆိုတာကို ပြသခြင်းလည်းဖြစ်တယ်။

နံပါတ် ၃

       ကိုယ်လိုချင်တာကို ကိုယ်ပြောပြ ပြီးလို့ ရှိရင် ဘုရားရဲ့ အလိုတော်အတိုင်း လက်ခံမယ် ဆိုတဲ့ ဘုရားအပေါ်ပုံအပ်ခြင်း ဆိုတဲ့ အရာတွေ ဒီသုံးချက်ဟာ ဆုတောင်းခြင်းလိုအပ်တယ် ဆိုတာ ဒီအကြောင်းကြောင့် ဖြစ်ပါတယ်။

        ကျွန်တော်တို့ လူသားတွေ တောင်မှပဲ ကိုယ့်ရဲ့ သားသမီးက မုန့်ကို တောင်းရင် ကျောက်ခဲပေးမလားဆိုတာ ကျမ်းစာမှာ ကြားဖူးတယ်။ ဘုရားသခင်ဟာ ကျွန်တော်တို့ လူသားတွေထက် နှိုင်းဆမရအောင် သနားခြင်း ချစ်ခြင်းဖြစ်တဲ့ ဘုရားဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့အတွက် အန္တရာယ် ဖြစ်စေမဲ့ အရာဘယ်တော့မှ မပေးပါဘူး။ ကျွန်တော်တို့ သည်သာလျှင် ကိုယ့်ဘာလိုသလဲ ကိုယ့်နိုင်ငံဘာလိုသလဲ ကိုယ့် ကမ္ဘာသူ ကမ္ဘာသားတွေ ဘာလိုအပ်သလဲဆိုတာ ကိုယ်ကိုယ်တိုင် သိပါတယ် ဆိုပြီးတဲ့ နောက် သိတဲ့အတိုင် လိုအပ်ချက်တွေကို တောင်းကြရမှာ ဖြစ်ပါတယ်။ မိမိရဲ့ တိုင်းပြည်အတွက်၊ မိမိကိုယ်အတွက်၊ မိသားစုအတွက်။ ကနေ့တိုင်းပြည်မှာ ဘာတွေလိုအပ်နေသလဲ။ ကျွန်တော်တို့ မျက်စိဖွင့်၊ နားစွင့်လို့ရှိရင် သိပါတယ်။ ဒါ့ကြောင့် ဆုတောင်းပေးသည့်အင်းအားက နည်းပါးသေးသည့်အတွက်ကြောင့် ခြိုးခြံပေးမဲ့သူအင်အားက နည်းပါးသေးသည့်အတွက်ကြောင့် ကျွန်ုပ်တို့ရဲ့ ကမ္ဘာကြီးဟာ တဖြည်းဖြည်းနဲ့ နတ်ဆိုးရဲ့ ၀င်ရောက်ထိုးဖောက်ခြင်းကို ခံနေရတယ်ဆိုတဲ့ အနေအထားမှာရှိနေတယ်လို့ တစ်ချို့ က သုံးသပ်တာကို သိရပါတယ်။

     အသင်းတော်ထဲမှာလည်း ဒီအတိုင်းပဲ။ အသင်းတော်သူ အသင်တော်သားအားလုံး ရဟန်းမင်းကြီကအစ ကျွန်တော်တို့ ဘာသာသူအထိ ကျွန်ုပ်တို့ ခြိုးခြံရမယ်၊ ၀ါရှောင်ရမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နတ်ဆိုးက အသင်းတော်ထဲမှာ ၀င်ရောက် မွေနှောက်ပြီးတဲ့နောက် ကမောက်ကမတွေဖြစ်အောင်၊ အသင်းတော်ရဲ့ အကြီးအကဲတွေ တစ်ပါးနဲ့ တစ်ပါ မသင့်မတည့်အောင် စသည်ဖြင့် နတ်ဆိုးရဲ့ အလုပ်ဟာ ကွဲပြားအောင်လုပ်ဖို့ပဲ။ ဘုရားရဲ့ အလုပ်သည် စည်းလုံးအောင်လုပ်ဖို့ပဲ။ နတ်ဆိုးရဲ့ ၀င်ရောက်ထိုးဖောက်နေတဲ့ အနေထားလေးက ထင်သာမြင်သာအောင်ရှိသည့် အတွက်ကြောင့် ယနေ့မှ စ၍ ဆုတောင်းရမယ်၊ ခြိုးခြံ ၀ါရှောင်ခြင်းတွေ လုပ်ရပါမယ်။ ဆုတောင်းခြင်း ကင်းသော ခရစ်ယာန်တို့၏ ဘ၀အသက်တာသည် မီးသေနေတဲ့ ဖယောင်းတိုင်နဲ့ တူတယ်လို့ စာဆို ရှိပါတယ်။ ဖယောင်းတိုင်မီး သေလို့ရှိရင်တော့ ဘယ်သူ့ကိုမှ အလင်းမပြနိုင်တော့ပါဘူး။ ဒါ့ကြောင့် ရဟန်းတွေ ဘရာသာရ်၊ စစ္စတာရ် ဓမ္မဆရာ/မ ဘာသာတူများအားလုံး အလင်းရောင် မပျောက်သွားကြရလေအောင် ဆုတောင်းခြင်းကို လက်မလွှတ်လိုက်ကြပါနဲ့လို့ တိုက်တွန်း နှိုးစော်လိုက်ပါတယ်။

အားလုံးကို ဘုရားသခင် ကောင်းကြီးပေးတော်မူပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Add new comment

1 + 14 =

Please wait while the page is loading