ဧဝံဂေလိ တရားဒေသနာတော် (ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာာ ၁၂)။

ချစ်လှစွာသော ညီအစ်ကိုမောင်နှမအပေါင်းတို့....

    ခုနက ကြားနာခဲ့ရသော ကျမ်းချက်သည် မင်္ဂလာနဲ့ အမင်္ဂလာ နှစ်ခုကို ပြောထားခြင်း ဖြစ်ပါတယ်။ ဒီကျမ်းချက်ဟာ ဖြစ်ရင် ဒုက္ခ သုက္ခ ရောက်နေတဲ့ သူတွေ ဆင်းရဲတဲ့ သူတွေ စိတ်ဓာတ်ကျနေတဲ့သူတွေ အားမငယ်ဖို့အတွက် သခင်ယေဇူးက အားပေးစကားပြောခြင်းပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်ခြင်း မယိမ်းယိုင်ဖို့အတွက် ဆင်းရဲတဲ့အခါမှာ ဖြစ်စေ ဒုက္ခရောက်တဲ့အခါမှာ ဖြစ်စေ မိမိတို့ယုံကြည်ခြင်း ခိုင်မြဲဆဲ ခိုင်မြဲစေဖို့အတွက်လည်းပဲ ကျမ်းစာက နိုးဆော်ထား၊ အားပေးထားခြင်းဖြစ်ပါတယ်။ ဒီကျမ်းချက်ဟာလည်းပဲ ဘ၀အဆင်ပြေနေကြတဲ့ သူတွေကိုလည်းပဲ သတိထားကြဖို့ သတိပေးတဲ့ ကျမ်းပိုဒ်လည်းပဲ ဖြစ်ပါတယ်။ ဘ၀အဆင်ပြေတဲ့ သူတွေလည်းပဲ နောက်ဘ၀အတွက် ပြင်ဆင်ထားကြဖို့ သတိပေးတဲ့ ကျမ်းပိုဒ်လည်းပဲ ဖြစ်ပါတယ်။ မိမိလက်ရှိဘ၀မှာ အဆင်ပြေမယ်၊ အားလုံးကျမ်းမာရေး၊ စီးပွားရေး၊ လူမှုရေး အဆင်ပြေမယ် စသည်ဖြင့် အဆင့်မြင့်မြင့်မှာ ရှိနေပင်ရှိနေသော်ငြားလည်း သတိအများကြီးထားပြီးတဲ့နောက် မိမိတို့နောင်ဘ၀အတွက် ကုသိုလ်ကောင်းမှု ပါရမီတွေ၊ ဘုရားတရား လုပ်ငန်းတွေကိုလည်း ကြိုးစား ဆည်းပူးထားရမယ်။ သို့မဟုတ်လို့ရှိရင် ပျက်စီးရာနေရာကို ရောက်ဖို့ အင်မတန်မှ လွယ်ကူတဲ့ အနေအထားလေးဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဆင်းရဲ့ ဒုက္ခရောက်တဲ့ သူတွေဟာ တကယ်တမ်း အသိတရား အပြည့်အ၀နဲ့ ကြိုးစားလို့ ရှိရင် ကောင်းကင်နိုင်ငံတော်ကို ရောက်ဖို့ နည်းနည်းလွယ်ကူတဲ့ အနေအထားရှိနိုင်ပါတယ်။ သို့သော်လည်းပဲ ချမ်းသာကြွယ်ဝပြီးတဲ့ နောက် ဘ၀မှာ အဆင်ပြေနေတဲ့ လူတွေကတော့  တော်တော်ကြီးကို ကောင်းကင်နိုင်ငံရောက်ဖို့ ကြိုးစားရတာ အင်မတန်မှ ခက်ခဲမှုတစ်ခုဖြစ်နိုင်ပါတယ်။ သည့်အတွက်ကြောင့် ကျမ်းစာမှာလည်းပြောထားတယ်။ ကုလားအုတ်ဟာ အပ်နဖား ထဲကို ၀င်တာ လွယ်ကောင်းလွယ်လိမ့်မယ်။ စည်းစိမ် ကြွယ်ဝချမ်းသာတဲ့ လူတွေဟာ ကောင်းကင်နိုင်ငံ ရောက်ဖို့ ခက်မယ်ဆိုတာ အဲဒါပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့က ပိုင်ဆိုင်မှုတွေ ရှိလာပြီး ချမ်းသာကြွယ်ဝမှုတွေရှိလာပြီဆိုတဲ့ အခါကျတော့က ဒီဘုရားတရား ကိစ္စထဲမှာပဲ ဖြစ်စေ၊ လူမှုရေးကိစ္စထဲမှာပဲ ဖြစ်စေ၊ တရားမျှတမှု ကိစ္စထဲမှာပဲ ဖြစ်စေ စသည်ဖြင့် ဒီအပိုင်းတွေမှာ သူတို့ အားပျော့တတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့က ဆင်းရဲသွာမှာ စိုးတယ်။ လက်ရှိရောက်နေတဲ့ အနေအထားကနေ အောက်ကိုကျသွားမှာ စိုးသည့်အတွက်ကြောင့် အပွန်းအပဲမခံနိုင်သော အနေအထားဖြစ်သည့်အတွက်ကြောင့် ဒါအင်မတန်မှပဲ ကြိုးစားရမယ့် အနေအထားလေးတစ်ခုဖြစ်တယ် ဆိုတာကို သတိပေးခြင်းပဲဖြစ်ပါတယ်။

   ခရစ်ယာန်တစ်ယောက်ရှင်သန်တဲ့ ဘ၀အသက်တာကို သခင်ယေဇူး သူ့ရဲ့ တပည့်တော်ကြီးတွေကို ရှင်သန်စေသလို ရှင်သန်ကြမယ် ဆိုလို့ရှိရင်တော့က ဒုက္ခတော့ တွေ့မှာပဲ ဆင်းတော့ ဆင်းရဲမှာပဲ။ ဒုက္ခတွေ တွေ့ကြမှာ သေချာတယ်။ ခရစ်ယာန်တစ်ယောက်ရဲ့ လျှောက်လှမ်းရမဲ့ ခရီးဟာ ကားတိုင်ခရီး ဖြစ်သည့်အတွက်ကြောင့် ဖြစ်ပါတယ်။ မိမိရဲ့ အလိုဆန္ဒအပေါ်မှာ ဘုရားသခင်ရဲ့ ဖြတ်ဆင်းလာတဲ့ ကားတိုင်ခရီးကို လျှောက်ကြရမှာ ဖြစ်တာကိုး။ ဒါ့ကြောင့် ခက်ခဲတယ်ဆိုတာကို ပြောတာပါ။ အဲဒီကားတိုင်ကို နေ့တိုင်းထမ်းကြရမှာ ဖြစ်တဲ့ အတွက်ကြောင့် လောကစည်းစိမ်နဲ့ ဇိမ်ခံမှုဘ၀နဲ့တော့ ဝေးနေမှာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ခရီးဆုံးရင်တော့က ကောင်းကင်နိုင်ငံကို ရောက်မယ်ဆိုတဲ့ ခရီးလမ်းပဲ ဖြစ်ပါတယ်။ ခရီးဆုံးရင် ကောင်းကင်နိုင်ငံကို ရောက်နိုင်တဲ့ လမ်းဟာ ဒီတစ်လမ်းတည်းပဲ ရှိပါတယ်။ ဒီလမ်းကို ၀မ်းမြောက် ၀မ်းသာစွာ လျှောက်လှမ်းနိုင်ဖို့အတွက် ကလည်းပဲ သခင်ယေဇူးနဲ့ ပေါင်းစပ်မှသာလျှင် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဓမ္မဟောင်းမှာ တွေ့ရတဲ့အတိုင်းပဲ ကန္တာရမှာ ခရီးသွားလို့ ဒုက္ခရောက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ မြွေတွေ ကိုက်လို့ သေကြေ ကြတဲ့ပုဂ္ဂိုလ်တွေ၊ ဒုက္ခ သုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေ အဲဒီ ကန္တာရမှာ ခရီးသွားခဲ့တဲ့ ကျွန်ုပ်တို့ရဲ့ ဘိုးဘွား ဘီဘင်တွေ ဘာလုပ်ရသလဲ ဆိုတော့က တိုင်ပေါ်မှာ မြွေကို မြောက်ထားပြီးတဲ့ နောက် မြွေကို ကြည့်ခြင်းအားဖြင့် ဒုက္ခ သုက္ခ အားလုံးကနေ ဝေးကွာ သလို ကျွန်တော်တို့လည်းပဲ လောက အသက်တာကို ဖြတ်သန်း လျှောက်လှမ်းတဲ့နေရာမှာ ကားတိုင်ပေါ်မှာ အသေခံတဲ့ သခင်ယေဇူးကို အမြဲတမ်း မျှော်ကြည့်နေရမယ်၊ အမြဲတမ်းအာရုံရှိနေမှသာလျှင် ကျွန်တော်တို့ ကားတိုင်ခရီးကို လျှောက်တဲ့ နေရာမှာ ၀မ်းမြောက်ဝမ်းသာစွာ ဖြင့် လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ကားတိုင်ပေါ်းမှာ ရှိသည့် သခင်ယေဇူးသည် ကျွန်တော်တို့ကို အမြဲတမ်း အားပေးနေမှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ခွန်အားနဲ့ ကျေးဇူးတော် အမြဲတမ်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကားတိုင် ကို အမြဲတမ်း မျှော်ကြည့်ပါ။ ကားတိုင်ကို အမြဲတမ်းထောက်ရှုပါ။ ကားတိုင်ကို အမြဲတမ်းခေါင်းထဲမှာ ထည့်ထားဖို့ အကြံပြုပါတယ်။

   ယနေ့ကျမ်းချက်ဟာ ကျွန်တော်တို့ ဘ၀အသက်တာအတွက် ဘ၀ရဲ့ လမ်းပြ မြေပုံတစ်ခုအဖြစ်နဲ့ လည်းပဲ မကြာခဏ ဖတ်ရှု စေချင်ပါတယ်။ ဒုတိယတစ်ချက်အနေနဲ့ကတော့ ကနေ့ဟာ မယ်တော်သခင်မရဲ့ သန့်ရှင်းသာ နာမတော် ပွဲဖြစ်ပါတယ်။ လူဖြစ်လာလို့ရှိရင် နာမည်ဟာ အင်မတန်မှ အရေးကြီးပါတယ်။ နာမည်တွေ မှည့်ခ်ါတဲ့ နေရာမှာလည်းပဲ မင်္ဂလာ ရှိတဲ့ နာမည်၊ ကောင်းတဲ့ နာမည်၊ အဓိပ္ပာယ်ရှိတဲ့ နာမည်တွေနဲ့ မှည့်သင့်ပါတယ်။ ခေါ်သင့်ပါတယ်။ ကင်မွန်းတတ်သင့်ပါတယ်။ တစ်ချို့လူတွေ နာမည်တွေ ပေါက်ကရ လျှေက်ပေးတာလေးတွေရှိတယ်။ အင်မတန်မှ မသင့်တော်ပါဘူးလို့။ ကျွန်တော်တို့ ကက်သလစ်ဘာသာဝင်တွေ အနေနဲ့လည်းပဲ ဆေးကြေားခြင်း မင်္ဂလာကို ခံယူခဲ့စဉ်မှာ ဆေးကြေားခြင်းနာမည်ဆိုတာ ရှိပါတယ်။ ဆေးကြေားခြင်းနာမည်ဆိုတာ ဘုရားသခင်ရဲ့ သားသမီးဘ၀ကို ရောက်ရှိသည့်အတွက်ကြောင့် လူသစ်တစ်ယောက်အနေနဲ့ နာမည်သစ်တစ်ခုကို ရရှိခြင်းပဲ ဖြစ်ပါတယ်။ ဒီနာမည်သစ်ဟာလည်းပဲ ပေါက်ကရ နာမည်ကို ပေးလို့မရပါဘူး။ ရဟန္တာတစ်ပါးပါးရဲ့ သို့တည်းမဟုတ် သူတော်စင် တစ်ဦးဦးရဲ့ နာမည်ကို ပေးရတာဖြစ်ပါတယ်။ ရဟန္တာတစ်ပါးရဲ့ အမည်ကို ရထားတဲ့ သူဟာ မိမိရဲ့ ပေးထားတဲ့ ရဟန္တာကဲ့သို့ သူတော်စင် သူတော်ကောင်း ဖြစ်ဖို့အတွက် အဲဒီ ရဟန္တာရဲ့ အတ္ထုပ္ပတ္တိကို သိရှိဖို့ လိုပါတယ်။ ကျွန်တော်တို့ တတွေ တွေ့ရတာ ဘာလဲဆိုတော့က ရုပ်ရှင် ပြဇာတ်တစ်ချို့မှာ လူဆိုးတွေရဲ့ နာမည်ကို ရဟန္တာ နာမည်နဲ့ တတ်ပြီးတော့ ပေးကြတာဖြစ်တယ်။ ဘာကြောင့်လဲ ဖြစ်နိုင်ခြေကတော့ အချက်သုံး ချက်လောက်တော့ ရှိတာပေါ့လေ။ ဘာလဲဆိုတော့ နံပါတ် တစ် အဲဒီ နာမည်ပေးတဲ့ လူတွေက နားမလည်လို့လည်း ဖြစ်နိုင်တယ်။ နံပါတ် နှစ် အနေနဲ့ လူမျိုးခြား မုန်းတီးမှု၊ အစွန်းရောက် မုန်းတီးမှုတွေကြောင့် လည်းပဲ ဖြစ်နိုင်တယ်။ သို့သော် နံပါတ် သုံး တစ်ချက်အနေနဲ့ အဲဒီ ရဟန္တာ နာမည် ယူထားတဲ့ သူတွေဟာ ဆိုးသွမ်း မိုက်မဲ မှုတွေမှာ နာမည်ကြီးတဲ့ အတွက်ကြောင့် ရဟန္တာရဲ့ နာမည်ဟာ ပျက်သုန်း သွားရတယ်ဆိုတဲ့ သိက္ခာကျတယ် ဆိုတဲ့ အနေအထား ကြောင့်လည်းပဲ ဖြစ်နိုင်ပါတယ်။ သည့်အတွက်ကြောင့် ကျွန်ုပ်တော်တို့ တတွေ မိမိတို့ ရရှိထားတဲ့ ရဟန္တာရဲ့ နာမည်ကို သိက္ခမကျရလေအောင် မိမိနာမည် ယူထားတဲ့ ရဟန္တာများကဲ့သို့ သီလပါရမီနဲ့ ပြည့်ဝစုံလင်သောအသက်တာကို ရှင်သန်နို်င်ဖို့ ကျွန်တော်တို့ တစ်ယောက်စီ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ သည့်အတွက်ကြောင့် မိမိတို့ ယူထားတဲ့ ရဟန္တာများရဲ့ နာမည်နဲ့ အတ္ထုပ္ပတ္တိ အကြောင်းအရာ သူကျင့်ခဲ့ တဲ့ ပါရမီများကို ကျင့်ဆောက်တည်ကြဖို့လည်းပဲ တိုက်တွန်းချင်ပါတယ်။ ဒါ့ကြောင့် ဘာသာတူ တစ်ယောက်အနေနဲ့ နံပါတ်တစ် မိမိရဲ့ ရဟန္တာအမည်ကို ဖျက်စီးတဲ့ သူမဖြစ်စေပါနဲ့။ နံပါတ် နှစ် မိမိရဲ့ ရဟန္တား ကျင့်ခဲ့ သော ပါရမီတွေကို လေ့လာပြီး လိုက်ကျင့်ပါ။ နံပါတ် သုံး လူသာသေရင် သေပါ နာမည်တော့ မသေပါစေနဲ့။

အားလုံးသော နားသောတဆင်သူများကို ဘုရားသခင်ကောင်းကြီးပေးပါစေ။  

Add new comment

9 + 10 =

Please wait while the page is loading

ဧဝံဂေလိ တရားဒေသနာတော် (ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာာ ၁၂)။ | Radio Veritas Asia

Error

The website encountered an unexpected error. Please try again later.